Saturday, September 29, 2012

"နတ်တင်စာ.. နတ်တွေ စား- မစား" (ရစေလို.. ဒီလိုဝေ (၆))


အရှင်။ ။ ဟိုတစ်နေ့က ကိုထူးမေးထားတာက “နတ်ကွန်းတွေ၊ နတ်စင်တွေမှာ ငှက်ပျောသီးတွေ အုန်းသီးတွေနဲ့ ကန်တော့ပွဲတွေ တင်လှူပသကြပါတယ်။ အဲဒါကို အဲဒီနတ်တွေ တကယ် သုံးဆောင်ခံစားနိုင်ကြ ပါသလားဘုရား။ လူတွေရဲ့အစားအစာကို သူတို့တွေကော စားသောက်နိုင်ပါ့မလားဘုရား” ဆိုတဲ့ မေးခွန်းနော်။
ကိုထူး။ ။ မှန်ပါတယ်ဘုရား။
အရှင်။ ။ ဒီနေရာမှာ အဲဒီနတ်ကွန်း နတ်စင်တွေမှာ လူတစ်ချို့ ယုံကြည်ကြသလို တကယ့် နတ်တွေရှိ-မရှိ ဆိုတဲ့ ပြဿနာကို အရင်ဆုံး စဉ်းစားကြရလိမ့်မယ်။ ဒီပြဿနာကို စဉ်းစားတဲ့အခါ မြန်မာရာဇဝင်မှာ ထင်ရှားတဲ့ စာတိုငညို လျှောက်ထုံးကို ထည့်သွင်းစဉ်းစားကြရလိမ့်မယ်။
ကိုထူး။ ။ အော်.. ဆရာတော် မိန့်ချင်တာက မြန်မာသက္ကရာဇ် ၇၃၀ ပြည့်နှစ်မှာ မိတ္ထိလာကန်တော်ကြီး ကျိုးပေါက်တော့ အင်းဝဘုရင် မင်းကြီးစွာစော်ကဲ ကိုယ်တော်တိုင် လာရောက်ဆည်ဖို့ ပြုပြင်တဲ့အခါ ကန်ပေါင်ရိုးပေါ်မှာတွေ့ရတဲ့ မိန်းမရုပ်တုနဲ့ နတ်ကွန်းကိစ္စထင်တယ်ဘုရား။
အရှင်။ ။ ဟုတ်တယ် ကိုထူး၊ အဲဒီမှာ ဘုရင်ကမေးတော့ အဲဒီမိန်းမရုပ်တုနဲ့ နတ်ကွန်းအကြောင်းကို ဘယ်သူမှ တိတိပပ မတင်မလျှောက်နိုင်ကြဘူး။ နောက်ဆုံး ဝန်ဇင်းရွာသူကြီးရဲ့သားမက် စာပေသမားကို ခေါ်မေးကြရတယ်။ အဲဒီတော့မှ အနော်ရထာမင်း မိတ္ထိလာကန်တော်ကို ဆည်လာတဲ့အခါ အင်မတန်မြတ်နိုးတော်မူတဲ့ မိဖုရားငယ်တစ်ယောက် ကြမ္မာကုန်တဲ့အတွက် ရွှေစင်နဲ့သွန်းလုပ်ထားတဲ့ ရုပ်တုတစ်ခုကို ကန်ရိုးမှာ အခိုင်အခန့်မြှုပ်စေခဲ့တဲ့အကြောင်း၊ အဲဒီရွှေရုပ်နဲ့တူတဲ့ သစ်သားရုပ်ကို တန်ဆောင်းပြာသာဒ်ပြုပြီးတော့ ကန်ဘောင်ရိုးမှာ ထားတော်မူ ခဲ့တာ ဖြစ်ကြောင်း၊ နောက်ပိုင်းမှာ လူတွေက စားဦးသောက်ဦးတင်ပြီး နတ်ကွန်းရယ်လို့ ခေါ်ဝေါ် ပညတ်လာကြခြင်းသာဖြစ်ကြောင်း သိကြရတော့တယ်။
အဲဒါနဲ့ မှန်-မမှန်ကို ကန်ပေါင်ရိုးကိုတူးပြီး စစ်ဆေးတဲ့အခါ ခုနက စာပေသမားလေး ပြောတဲ့အတိုင်း ရွှေရုပ်တု ကို တွေ့ကြရတယ်။ အဲဒါနဲ့ ဝန်ဇင်းရွာသားလေးရဲ့ အမှတ်အသား၊ အတင်အလျှောက်၊ ရုပ်ရည်လက္ခဏာတွေ ကို နှစ်သက်ပြီးတော့ ဆုလာဘ်များစွာပေးပြီး နန်းတော်သို့ ခေါ်ယူတော်မူခဲ့တယ်။ နောက်ပိုင်းမှာ သူဟာ စည်းတပြစ်၊ မင်းရာဇာ၊ ဝန်ဇင်းမင်းရာဇာ၊ ဘိုးရာဇာ ဆိုတဲ့နာမည်တွေနဲ့ ကျော်ကြားလာခဲ့တယ်။
ကိုထူး။ ။ အဲသလို အထောက်အထားမခိုင်လုံပဲ ကွန်းနေကြတဲ့ နတ်ကွန်းမျိုးတွေ မြန်မာပြည် တနံတလျားမှာ ဘယ်လောက်တောင်ရှိလေမလဲ မသိပါဘူးဘုရား။
အရှင်။ ။ အင်း..၊ ရှိကြမယ်ထင်တာပါပဲ ။ ဇာတ်နာနာနဲ့ သေတဲ့သူတွေ၊ ဥပစ္ဆေဒကကံနဲ့ သေတဲ့ လူတွေလည်း မြန်မာပြည် နတ်လောကမှာ အထင်အရှား နေရာရနေကြတာပဲ ကိုထူးရဲ့။ အေးပေါ့လေ..။ သစ်ပင်ရှိရင် ငှက်လာတယ်၊ လူသမုတ်ရင် သစ်ငုတ်က ကျားဖြစ်တယ်ဆိုတာလို ဘယ်တုန်းက ဘယ်လိုကြောင့် ဆောက်ခဲ့တာမှန်း မသိခဲ့တာတွေလည်း ကြာလာတော့ နတ်ကွန်းဆိုပြီး ဖြစ်လာကြမယ်။ ဖြစ်လာပြီဆိုရင် စားဦးသောက်ဦးကလေး တင်လှူသူတွေ ရှိလာမယ်။ အဲဒီတော့ နတ်မဆို၊ ပြိတ္တာတွေမဆို အဲဒီနေရာကို သိမ်းပိုက်ပြီးနေလာကြမယ်။ ရံခါရံခါ သူတို့တွေက ကူညီတာမျိုး၊ ခြိမ်းခြောက်တာမျိုးတွေ ရှိလာမယ်။ အဲဒီမှာ နတ်ဟုတ်ဟုတ်၊ မဟုတ်ဟုတ် နတ်ဆိုပြီး လူတွေက လုပ်ကြတော့မယ်လေ ကိုထူးရဲ့။
ကိုထူး။ ။ မှန်ပါ့ဘုရား။ ဒါဖြင့်ရင် နတ်ကွန်းဆိုတိုင်း နတ်အစစ်ရှိတဲ့ နတ်ကွန်းဖြစ်ချင်မှဖြစ်မယ်။ အဲဒီနတ်ကွန်းကို သိမ်းပိုက်နေထိုင်သူတွေဟာ နတ်လည်းဖြစ်နိုင်သလို၊ ပြိတ္တာတွေလည်း ဖြစ်နိုင်တယ်လို့ ယူရမလား ဘုရား။
အရှင်။ ။ အင်း..၊ အဲသလို ယူသင့်တယ်။ နတ်တွေလည်း ဖြစ်နိုင်တယ်ဆိုတာက ဟိုတစ်နေ့က ဦးဇင်းတို့ ဆွေးနွေးခဲ့ကြပြီးပြီ။ အနာထပိဏ်သူဌေးကြီးနဲ့ သူ့ရဲ့တံခါးစောင့်နတ်အကြောင်းရယ်၊ ပါဋလိရွာကို မြို့အဖြစ်တည်ဆောက်ခန်းရယ်တို့ကိုထောက်ဆပြီး ဦးဇင်းတို့ ပြောခဲ့ကြပြီးပြီ။ [စာရှုသူများအနေဖြင့် “ရစေလို.. ဒီလိုဝေ (၅) ” တွင် ပြန်လည် ဖတ်ရှုနိုင်ပါသည်။] ဒီနေ့က ပြိတ္တာတွေ၊ သရဲတွေလည်း ဖြစ်နေ နိုင်ကြောင်း ပြောရမယ်။
ကိုထူး။ ။ ပြောပြပါဦးဘုရား။
အရှင်။ ။ ဓမ္မပဒ အဋ္ဌကထာမှာလာရှိတဲ့ ကာဠယက္ခိနီဝတ္ထုကြောင်းပါ။ လူတိုင်းနီးနီး ကြားဖူးကြတဲ့ အကြောင်းပါပဲ။ ဆိုတော့.. အကျဉ်းပဲ ပြောပြမယ်။ ဘုရားရှင် လက်ထက်တော်က ဒကာမတစ်ယောက်မယ် ကလေးမွေးဖွားတိုင်း ဘီလူးမတစ်ယောက်က လာလာစားတယ်။ သူတို့တွေက အတိတ်ဘဝတွေတုန်းကလည်း ဘတစ်ပြန် ကျားတစ်ပြန်ဆိုတာလို ဒီဘဝမှာ သူ့ကလေးတွေကို ကိုယ်ကစား၊ နောက်တစ်ဘဝကျပြန်တော့ ကိုယ့်ကလေးတွေကို သူကစားနဲ့ အပြန်ပြန်အလှန်လှန် ရန်ငြိုးဖွဲ့လာကြတာဖြစ်တယ်။ အဲဒါ ဘုရားရှင်လက်ထက်တော်အခါမှာတော့ တစ်ယောက်က ဘီလူးမ၊ တစ်ယောက်က လူမိန်းမ ဖြစ်လာပြီး လူမိန်းမ ကလေးဖွားတိုင်း ဘီလူးမက လာလာစားနေတာဖြစ်တယ်။
အဲဒါနဲ့ (၃) ယောက်မြောက်ကလေးကို ဖွားမြင်တဲ့အချိန်မှာတော့ ဘုရားကျောင်းကို ထွက်ပြေးရာကနေ ဘုရားရှင်က တရားဟောတော်မူလို့ အချင်းချင်း ရန်ငြိုးတွေ ပြေကြတယ်။ နောက်တော့ ဘီလူးမက သူသည်ကားဆိုရင် ဟိုအရင်က သက်ရှိ သက်မဲ့မရွေးစားသောက်ခဲ့တယ်၊ ခု ဘယ်လို စားသောက်နေထိုင်သွားရပါမလဲလို့ တွေးပြီး ငိုတော့ ဘုရားရှင်က ကလေးအမေကို ဘီလူးမကို အိမ်ကိုခေါ်သွားပြီး ကျွေးမွေးထားဖို့ မိန့်တော်မူတယ်။ နောက်ပိုင်း ဘီလူးမက အိမ်မှာနေရတာ အဆင်မပြေဘူးပြောလာတော့ ရွာအပြင်ဘက် ဆိတ်ငြိမ်တဲ့ တစ်နေရာမှာသွားထားပြီး နေ့စဉ် ထမင်း ယာဂုတွေသွားပို့ပြီး ကျွေးမွေးထားတယ်။ ဘီလူးမကလည်း ကျေးဇူးတုန့်ဆပ်တဲ့ အနေနဲ့ “ဒီနှစ်တော့ မိုးကောင်းမယ်၊ ကုန်းမြင့်မှာ စပါးစိုက်ပါ၊ ဒီနှစ်တော့ မိုးခေါင်မယ်၊ မြေနိမ့်နိမ့် ချိုင့်ဝှမ်းတွေမှာ စပါးစိုက်ပါနဲ့” စသဖြင့် အကြံပေးတယ်။
ကိုထူး။ ။ မှန်ပါ့ဘုရား။
အရှင်။ ။ အဲဒါနဲ့ သူများတွေမှာ ရာသီဥတုကြောင့် စပါးတွေ အပျက်အစီးရှိကြသော်လည်း အဲဒီအမျိုးသမီးမှာတော့ အပျက်အစီးမရှိပေဘူး။ နောက်ပိုင်း အခြားလူတွေက အကြောင်းကို မေးကြတော့ ဘီလူးမ ဆီက အကြံဉာဏ်ရတဲ့အကြောင်း ပြောပြလိုက်တယ်။ ဒီလိုနဲ့ အခြားသူတွေလည်း အဲဒီဘီလူးမကို ထမင်းယာဂုတွေနဲ့ ပူဇော်ပသလာကြတယ်လို့ဆိုတယ်။ ဆိုတော့ ဒီဝတ္ထုကို ထောက်ထားရင် နတ်ကွန်း၊ (ဒါမှမဟုတ်) နတ်သစ်ပင် ဆိုတိုင်းလည်း နတ်တွေဖြစ်ချင်မှ ဖြစ်မယ်၊ ပြိတ္တာတွေ ၊ သရဲတွေ၊ ဘီလူးတွေလည်း ဖြစ်ကောင်းဖြစ်နေနိုင်တယ်လို့ မှတ်ရမယ်။ သို့သော်လည်း လူသာမန်တွေရဲ့ သဘောမှာ ထူးဆန်းတဲ့ ကမ္မဇိဒ္ဓိတန်ခိုးကလေး တစ်ခုခုလောက် ရှိပြီး၊ ပူးတာကပ်တာ၊ ခြောက်တာလှန့်တာ၊ (သို့မဟုတ်) ကူညီစောင်မတာမျိုး ကြုံရရင်ပဲ ပြိတ္တာသော၊ သရဲသောမရှောင် “နတ်၊ နတ်” ဆိုပြီး လုပ်လိုက်ကြတော့တာပဲ ကိုထူးရဲ့။
ကိုထူး။ ။ သဘောပေါက်ပါပြီဘုရား။ ဒါဆိုရင် ဒီဘီလူးမ ဝတ္ထုကိုထောက်ဆရင် ဘီလူးတို့၊ သရဲတို့၊ ပြိတ္တာတို့ဟာ နတ်ကွန်းမှာ လာတင်တဲ့ ထမင်းယာဂုတွေကို စားသောက်နိုင်တယ်၊ အုန်းသီး ငှက်ပျောသီးတွေကို စားသောက်နိုင်တယ်လို့ မှတ်ရမှာပေါ့ဘုရား။
အရှင်။ ။ အင်း..၊ အဲဒီ ဘီလူးမတို့လို တစ်ချို့သော ဘီလူးတွေ၊ ပြိတ္တာတွေ၊ နတ်တွေကတော့ စားသောက်နိုင်ကြပေလိမ့်မယ်။ ဒီနေရာမှာ ဦးဇင်းတို့ ဇာတက-အဋ္ဌကထာ၊ ဧကကနိပါတ်၊ ဝရုဏဝဂ်၊ ရုက္ခဓမ္မဇာတ်လာ မြို့နားရွာနားမှာ နေရာဗိမာန်ယူကြတဲ့ နတ်တွေ ပြောတဲ့ စကားလေးလည်း စိတ်ဝင်စားစရာကောင်းတယ်။ သူတို့က ဘာပြောသလဲဆိုတော့ .. “တောထဲတောင်ထဲက ဗိမာန်မှာ ဘာလုပ်ရမတုန်း၊ မြို့နားရွာနားမှာပဲ ဗိမာန်ယူတော့မပေါ့၊ ဂါမာဒယော ဟိ ဥပနိဿာယ ဝသမာနာ ဒေဝတာ လာဘဂ္ဂယသဂ္ဂပ္ပတ္တာ ဟောန္တိ- မြို့နားရွာနားကို မှီပြီးနေတဲ့ နတ်တွေမှာ လာဘ်သပ်ပကာ အခြွေအရံတွေ ပေါများကြတယ်” ဆိုတာလေးတစ်ခု ပါနေတာ တွေ့ရတယ်။ အဲဒါကို ထောက်ဆရင် တစ်ချို့နတ်တွေဟာ လူတွေ ပူဇော်ပသတဲ့ စားဖွယ်သောက်ရာတွေကို မျှော်လင့်ကြပုံရတယ် လို့ ကောက်ချက်ချနိုင်တယ်။ စားသောက်နိုင်- မစားသောက်နိုင်ကိုတော့ စာထဲမှာလည်း မပြောထားဘူး။
ကိုထူး။ ။ မှန်ပါ့၊ ဆက်ပါဦးဘုရား။
အရှင်။ ။ တစ်ဖက်ကကြည့်ရင် တစ်ချို့တွေကတော့ စားသောက်နိုင်ကြပေလိမ့်မယ် မထင်ဘူး။ ဘာကြောင့်လဲဆိုရင် အဲဒီဇာတ်တော်မှာပဲ ဘုရားအလောင်းနတ်သားရဲ့ ပြောစကားလေးကိုက စဉ်းစားစရာ ကောင်းနေလို့ပဲ။ သူက အဲဒီဘဝမှာ ဟိမဝန္တာတောထဲမှာ အင်းကြင်းပင်စောင့်နတ် ဖြစ်နေခဲ့တယ်။ အဲဒီအချိန်မှာ ဝေဿဝဏ်နတ်မင်း အသစ်တစ်ပါး ပြောင်းတော့ “သစ်ပင်ခြုံနွယ်စောင့် နတ်များအနေနဲ့ မိမိတို့နှစ်သက်ရာရာ ဗိမာန်တွေကို ယူနိုင်ကြကြောင်း” အမိန့်စာထုတ်တယ်။ အဲဒီမှာ ဘုရားလောင်းနတ်သားက သူ့ဆွေမျိုးတွေကို “လွင်တီးခေါင်မှာ ပေါက်ရောက်နေတဲ့ သစ်ပင်တွေကို ဗိမာန်အနေနဲ့ မယူကြဖို့၊ သူ့အနီးအနားမှာ ဝိုင်းရံပေါက်ရောက်နေတဲ့ သစ်ပင်တွေကိုပဲ ယူကြဖို့” အကြံပြုတယ်။ ပညာရှိနတ်တွေက ဘုရားလောင်းစကားကို နားထောင်ကြတယ်။ တောထဲမှာပဲ ဗိမာန်တွေကို ယူကြတယ်။ စောစောက ပြောခဲ့တဲ့ နတ်တစ်ချို့ကတော့ “တောထဲမှာဘာလုပ်မတုန်း၊ မြို့နားပြည်ရွာမှာမှ လာဘ်သပ်ပကာပေါမှာပေါ့” ဆိုပြီး လူတွေနဲ့နီးတဲ့ ကွင်းပြင်တွေမှာ ပေါက်ရောက်နေတဲ့ သစ်ပင်တွေကို ယူကြတယ်လို့ ဆိုတယ်။
ကိုထူး။ ။ အော်.. မုန်တိုင်းတိုက်တဲ့အခါကျတော့ တောထဲက သစ်ပင်တွေဟာ တစ်ပင်ကိုတစ်ပင် အမှီရကြတဲ့အတွက် ဘာမှမဖြစ်ကြသော်လည်း ကွင်းပြင်ကြီးမှာ ပေါက်နေတဲ့ သစ်ပင်ကြီးတွေကတော့ လဲပြိုသွားကြတယ်ဆိုတဲ့ ဇာတ်ကြောင်းထင်တယ်ဘုရား။
အရှင်။ ။ ဟုတ်တယ်။ အဲဒီဇာတ်တော်ပဲ။ အဲဒီမှာ ကောက်ချက်ချလိုက်ရင် မြို့နားပြည်ရွာကို သွားနေတဲ့ နတ်တွေဆိုတာလည်း နဂိုကတော့ အင်ကြင်းတောက နတ်တွေပဲ၊ ဝေဿဝဏ်နတ်မင်း အပြောင်းအလဲ ကာလမှာမှ တောကိုပစ်ပြီး မြို့နားရွာနား ပြောင်းသွားကြတာ ဖြစ်တယ်။ အဲဒီမှာလည်း ဘုရားလောင်းစတဲ့ နတ်တစ်ချို့ကတော့ မူလနေရာ တောထဲမှာပဲ ကျန်နေရစ်တာကို တွေ့ရပြန်တယ်။ ဆိုတော့.. ဒီ ရုက္ခစိုးနတ်တွေအကုန်လုံးဟာ နဂို တောထဲမှာနေစဉ် ကာလတစ်လျှောက်လုံး သူတို့အာဟာရနဲ့သူတို့ မျှတစားသောက်ပြီး နေထိုင်ခဲ့ကြတာဖြစ်မယ်လို့ ကောက်ချက်ချလို့ရတယ်။
မြို့နားပြည်ရွာကို ပြောင်းသွားတဲ့ နတ်တွေရဲ့ စကားကိုထောက်ထားပြန်ရင်တော့ လူတွေပူဇော်ပသတဲ့ အစားအသောက်တွေကိုလည်း စားသောက်နိုင်ကြမယ့် သဘောကို တွေ့ရတယ်။ သို့သော် ဒီနေရာမှာ တစ်ခုစဉ်းစားစရာက ဦးဇင်းတို့ လက်တွေ့မျက်တွေ့ တွေ့ရတာကို ပြောရရင် လူတွေက နတ်တင်တယ် ဆိုတာလည်း တကယ်တမ်းမှာ မစို့မပို့ကလေးလောက်သာ တင်လှူကြတာကို တွေ့ရတယ်။
တစ်ခါ ဦးဇင်းတို့ အရပ်မှာ နတ်စင်ကို ရွှေချတယ်ဆိုရင်ဆိုရင်လည်း ရွှေရောင်စက္ကူစကလေး လက်နှစ်လုံး- သုံးလုံးလောက်ကို သွားကပ်လိုက်ကြတာမျိုးကိုပဲ တွေ့ရတယ်။ ဆိုတော့.. တကယ်တမ်းမှာ သူတို့ကို တင်လှူပသတယ်ဆိုတဲ့ အစားအသောက် အသုံးအဆောင်ဆိုတာတွေဟာ တကယ့်ကို မစို့မပို့မှ မစို့မပို့ကလေးသာဖြစ်တယ်။ အဲဒီနတ်တွေအနေနဲ့ တကယ်စားတယ်ဆိုရင်တောင် ဘယ်ပုံဘယ်နည်း စားသောက်ကြလေမလဲ အတော်စဉ်းစားစရာပါပဲ။
ကိုထူး။ ။ မှန်ပါတယ်ဘုရား။ ဒီနေရာမှာ ဆက်စပ်နေမလားမသိပါဘုရား..၊ တစ္ဆေကိစ္စကို နည်းနည်းထည့်လျှောက် ပါရစေဘုရား။ ရွာမှာ တစ်ချို့တွေကို တစ္ဆေပူးရင် ဘာစားချင်သလဲမေးရင် တစ်ချို့တစ္ဆေတွေက အရက်သောက်ချင်တယ်လို့ ပြောကြပါတယ်ဘုရား။ အဲဒါနဲ့ သူတို့ ညွှန်တဲ့နေရာကို (ကန်တော့ပါရဲ့) အရက်သွားပို့ကြရပါတယ်။ သွားပို့တဲ့ အခါ သူတို့က တစ်ပုလင်းတောင်းဆိုရင် တစ်ပုလင်း ၊ နှစ်ပုလင်းတောင်းဆိုရင် နှစ်ပုလင်းပေါ့ဘုရား။ သို့သော်လည်း တကယ့်ဆိုင်မှာသုံးတဲ့ ပုလင်းတွေနဲ့ သွားပို့တာ မဟုတ်ဘူးဘုရား။ ပင်နီစီလင်ပုလင်းလေးတွေနဲ့ တစ်ပုလင်း၊ နှစ်ပုလင်းလုပ်ပြီး သွားပို့လိုက်ကြတာပါပဲ။ တစ္ဆေပူးခံရသူလည်း ကောင်းသွားတာပဲဘုရား။
အရှင်။ ။ ရီလည်းရီချင်စရာ၊ သနားလည်း သနားစရာပါပဲလား ကိုထူးရေ။ ဒီနေရာမှာ ဦးဇင်းအမြင်ကို ပြောရရင် နတ်ကွန်းနဲ့ ပူဇော်ခံကြရသူ၊ အဲဒီ နတ် ဆိုသူတွေဟာ (တစ္ဆေ၊ သရဲ၊ ပြိတ္တာတွေလည်း ဖြစ်နိုင်တယ်နော်) လူတွေတင်လှူတာကို စားသောက်နိုင်ကောင်း စားသောက်နိုင်ကြလိမ့်မယ်။ မစားသောက်နိုင်ရင်တောင်မှ ဘယ်သူမဆို ကိုယ့်ကို ပူဇော်မှုယုပြုကြတာကို သဘောကျကြစမြဲသာ ဖြစ်တယ်။ အဲဒါကြောင့်ပဲ အဲသလို ပူဇော်ပသမှုကို ခံချင်တာသက်သက်နဲ့လည်း အုန်းသီးငှက်ပျောသီးတွေကို လက်ခံကျေနပ်နေကြတာမျိုးလည်း ဖြစ်နိုင်တယ် လို့ တွေးမိပါတယ်။ မစားမသောက်နိုင်ပဲ အလကား သာယာကျေနပ်နေရုံ သက်သက်လောက်ပဲလို့ ထင်တယ်။
ကိုထူး။ ။ ဖြစ်နိုင်ပါတယ်ဘုရား။ တပည့်တော်တို့ ငယ်ငယ်တုန်းကဆိုရင် လူတွေ နတ်ပူဇော်ထားကြပြီဆိုရင် သူငယ်ချင်းတစ်သိုက် နတ်စင်ကိုသွားကြတယ်ဘုရား။ တစ်ယောက်က နတ်စင်နောက်က နေရပါတယ်။ ရှေ့က လူတွေက “အဖွား အဖွား၊ သားတို့ကို အုန်းသီး ငှက်ပျောသီးလေးများ ပေးပါ” လို့ ပြောလိုက်ရင် နတ်စင်နောက်က တစ်ယောက်က အသံသြသြကြီးနဲ့ “အေးအေး ယူသွား ယူသွား” ဆိုပြီး ပြောရပါတယ်။ ပြီးတာနဲ့ ပျော်ပျော်ပါးပါး ယူငင်စားလိုက်ကြတာပါပဲ။ နတ်တင်တဲ့လူတောင် သူ့အိမ်ပြန်ရောက်ချင်မှ ရောက်ပါလိမ့်ဦးမယ်ဘုရား။
အရှင်။ ။ ကိုင်း.. ဒါဖြင့် စားနိုင်တာ မစားနိုင်တာ သူတို့အလုပ်၊ (စားနိုင်သူလည်းရှိမယ်၊ မစားနိုင်သူလည်းရှိမယ်။) သို့သော်လည်း စားနိုင်နိုင်- မစားနိုင်နိုင် ကိုယ့်ကို အလေးအမြတ်ပြုပြီး တင်လှူပသတာကိုတော့ မကြိုက်ဘူး ဆိုတဲ့သူ မရှိဘူးလို့သာ အသင့်အားဖြင့် မှတ်ပေတော့ ကိုထူးရဲ့။
ကိုထူး။ ။ မှန်ပါ၊ ကျေနပ်ပါပြီဘုရား။ ဒါဖြင့် အကောင်းဆုံးကတော့ သူတို့ကို ကိုယ်ပြုသမျှကောင်းမှုကုသိုလ်ကို အမျှပေးဝေတာပဲပေါ့ဘုရား။
အရှင်။ ။ ဟုတ်တယ်၊ အကောင်းဆုံးကတော့ ကောင်းမှုပြုပြီး အမျှပေးဝေတာပါပဲ။ ဝေဿဝဏ်နတ်မင်းကြီးလို အထက်တန်းနတ်တွေတောင် လူတွေကောင်းမှုပြုပြီး အမျှပေးဝေကြတာကို သာဓုခေါ်လိုကြပါသတဲ့ ကိုထူးရဲ့။ အဲဒီ အကြောင်းကို နောက်နေ့မှ ဆက်ပြောပြပါ့မယ်။ ဒီနေ့တော့ နားကြဦးစို့ရဲ့။
ကိုထူး။ ။ မှန်ပါ့ဘုရား။
မေတ္တာဖြင့်
အရှင်ဝိသာရဒ (ရမ္မာဝတီ)
မှတ်ချက်။   ။ဤနေရာ (ကလစ်ပါ) မှ ကူးယူဝေမျှပါသည်။

0 ကွန်မန့်ရေးရန်:

Post a Comment